မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေနဲ့ စပ်လျဉ်း၍ အထူးအစီရင်ခံစာတင်သွင်းသူ၏ လုပ်ငန်းအစီအစဉ် ပြီးဆုံးခြင်းသတင်းထုတ်ပြန်ချက်

၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက် ရန်ကုန်မြို့

ဒီညနေခင်းမှာ အခုလိုတွေ့ဆုံပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားလုံးသိပြီးဖြစ်တဲ့ အတိုင်း မြန်မာနိုင်ငံကို ကျွန်မလာရောက်တဲ့ (၁၂)ရက်ကြာ ခရီးစဉ်ပြီးဆုံးသွားပါပြီ။ ဒီခရီးစဉ်အတွင်း ကချင် ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာရှိတဲ့နေရာ ဒေသတချို့ကိုသာမက၊ ရန်ကုန်နဲ့နေပြည်တော် ကိုလည်း ကျွန်မရောက်ခဲ့ပါသည်။ ကချင်ပြည်နယ်မှာတော့ မြစ်ကြီးနားမြို့မှာ တစ်ညအိပ်ခဲ့ပြီး လိုင်ဇာနဲ့ ဖားကန့်ကို သွားခွင့်မရခဲ့ပါဘူး။ ရခိုင်ပြည်နယ်မှာတော့ ရသေ့တောင်ဒေသက ကိုးတောင်ကောက်၊ ဘူးသီး တောင် အကျဉ်းထောင်နဲ့၊ မောင်းတောမြောက်ပိုင်းဒေသက ရွာလေးရွာကို ရောက်ခဲ့ပါတယ်။ မြစ်ကြီးနား၊ ကိုးတောင်ကောက်နဲ့ မောင်တောမှာ စစ်ရှောင်ဒုက္ခသည်တွေနဲ့ တွေ့ခဲ့ရပြီး စစ်တွေအကျဉ်းထောင်ကိုလည်း ရောက်ခဲ့ပါတယ်။ နေပြည်တော်မှာလည်း နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်နဲ့ရော ကျွန်မတွေ့ခွင့်တောင်းထားတဲ့ ၀န်ကြီးဌာန ၀န်ကြီးတွေထဲက ဌာနနှစ်ခုကလွဲလို့ ကျန်ဝန်ကြီးဌာန ၀န်ကြီးတွေနဲ့တွေ့ခဲ့ပါတယ်။ ၀န်ကြီးတစ်ဦးက ခရီးလွန်နေပြီး ကျန်ဝန်ကြီးဌာနတစ်ခုကတော့ ကာကွယ်ရေးဦးစီးချုပ်လိုပဲ ကျွန်မနဲ့တွေ့ဖို့ ငြင်းဆိုခဲ့ပါတယ်။ ရှေ့နေချုပ်နဲ့သာမက အစိုးရနဲ့လွှတ်တော်ကော်မတီဝင်တွေအားလုံးနဲ့လဲ တွေ့ခဲ့ရပါတယ်။ အခု ထုတ်ပြန်ချက်ထဲမှာပါတဲ့ ကိစ္စကြီးငယ်ကို လာမဲ့မတ်လထဲမှာ လူ့အခွင့်အရေးကောင်စီကို ကျွန်မ တင်သွင်းမဲ့ အစီရင်ခံစာထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းဖော်ပြသွားပါမယ်။ အခုတော့ ကျွန်မရဲ့ လတ်တလောထင်မြင်ချက်တွေ၊ သုံးသပ်ချက်တွေ မျှဝေပေးချင်ပါတယ်။

ကျွန်မရဲ့ ဒီတစ်ခေါက်ခရီးစဉ်တလျှောက်လုံးမှာ လက်တုန့်ပြန်ခြင်းဆိုတဲ့ စကားလုံးတစ်လုံး ခေါင်းထဲမှာ စွဲနေပါတယ်။ ကျွန်မနဲ့တွေ့ခဲ့၊ ပြောခဲ့တဲ့လူတွေ၊ ကျွန်မနဲ့အတူတူ အလုပ်လုပ်ရတဲ့လူတွေကို လူ့အခွင့်အရေးကိစ္စတွေပြောလို့၊ သူတို့ရဲ့ထင်မြင်ယူဆချက်တွေ တင်ပြလို့ လက်တုန့်မပြန်ပါနဲ့လို့ မြန်မာနိုင်ငံအစိုးရကို ကျွန်မတောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာလည်း ကျွန်မနဲ့လာတွေ့တဲ့ လူတချို့က ဒီအစည်းအဝေးပြီးရင် ကျွန်တော် ဘာဖြစ်ဦးမယ်မသိဘူးလို့ ပြောသွားကြတာကို စိတ်ပျက်စွာ ကြားခဲ့ရပါတယ်။ လူတစ်ယောက်ကဆိုရင် ကျွန်မနဲ့ အခုလိုစကားပြောပြီးသွားရင်တော့ အဖမ်းခံရလိမ့်မယ် ထင်တယ်လို့ တိုက်ရိုက်ကိုပြောသွားတာမျိုး ရှိပါတယ်။ နောက်လူမျိုးစုနှစ်စု သီးသန့်စီယှဉ်တွဲနေတဲ့ ရွာတစ်ရွာမှာဆိုရင်လည်း ကျွန်မနဲ့စကားပြောရတာ အဆင်ပြေပါ့မလားလို့ မေးတဲ့အခါ၊ အဖြေမှန်မပေးမိမှာ စိုးရိမ်မိပါတယ်လို့ ပြောခဲ့တာကို တွေ့ခဲ့ရပါတယ်။

ကျွန်မ ဒီကိုမလာခင် ပြင်ဆင်နေတဲ့အချိန်မှာ လူတစ်ယောက် ခေါင်းဖြတ်သတ်ခံရတဲ့ သတင်းကြား လိုက်ရပါတယ်။ ဒီလိုခေါင်းပြတ်သတ်ခံရတဲ့ အကြောင်းကလဲ သူရဲ့ထင်မြင်ချက်ကို လူအများသိအောင် ထုတ်ဖော်ပြောလို့ဆိုတာ သိရပါတယ်။ ဒီခေါင်းဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခုအထိ အခြေအနေ ပြည့်ပြည့်စုံစုံကို ကျွန်မ မသိရသေးပါဘူး။ ဒါပေမဲ့ ပေးလိုက်တဲ့သတိကတော့ ရှင်းပါတယ်။ ကိုယ့်ထင်မြင် ယူဆချက်ကို ဘယ်တော့မှ ထုတ်ဖော်မပြောကြနဲ့။ မင်းတို့တတွေ ဘယ်လိုနေ၊ ဘယ်လိုသေ ဆိုတာမျိုးကို လုံးဝဂရုမစိုက်သူတွေရဲ့ လုပ်ငန်းစဉ် ဘောင်ထဲမ၀င်တဲ့ အထောက်အကူမပြုတဲ့ မင်းတို့ရဲ့ ထင်မြင်ယူဆ ချက်တွေကို ဘယ်တော့မှထုတ်မပြောကြနဲ့ ဆိုတာပါပဲ။ ၀မ်းနည်းစရာကောင်းတာက ဒါဟာ သီးသန့်ဖြစ်စဉ် တစ်ခုတည်းမဟုတ်တာပါပဲ။ ဒီလိုခေါင်းဖြတ်သတ်တာမျိုး အနည်းဆုံးလေးကြိမ်လောက် ဖြစ်ခဲ့တယ်လို့ ပြောနေကြပါတယ်။

လက်တွေ့ထိခိုက်ခံစားနေကြရတဲ့ လူစုတွေနဲ့ ကျွန်မတိုက်ရိုက်တွေ့ဆုံစကားပြောရင်၊ သူတို့ကော သူတို့ မိသားစုတွေအတွက်ပါ အန္တရာယ်ရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာသိလိုက် ရတာက ကျွန်မနဲ့စကားပြောခဲ့တဲ့ လူအတော်များများက ဒီအန္တရာယ်ကို ရင်ဆိုင်ဖို့အသင့်ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ သူတို့တွေအနေနဲ့ ဒီလိုပြောလိုက်မှသာ သူတို့လိုချင်တဲ့ ပြောင်းလဲမှုရလိမ့်မယ်၊ သူတို့တတွေရဲ့ အခြေအနေမှန်ကိုလည်း ကမ္ဘာကသိလာလိမ့်မယ်လို့၊ တစိုက်မတ်မတ် ခံယူထားကြပါတယ်။ ဒါကြောင့် သူတို့တတွေကို နားထောင်ပေးရမဲ့ တာဝန်၊ လူ့အခွင့်အရေးချိုးဖောက်ခံရဖွယ်ရှိတဲ့ သူတွေရဲ့အသံတွေကို ကြားအောင်လုပ်ပေးရမဲ့တာဝန် ကျွန်မမှာ ပိုများလာပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာကောင်းတဲ့ ဖြစ်ပေါ် တိုးတက်မှုတွေ တဖက်မှာရှိနေပေမဲ့လည်း၊ လူတိုင်း လူတိုင်း သူတို့ခံစားရတာတွေကို လွတ်လပ်စွာ မျှဝေနိုင်တဲ့၊ ကိုယ့်ထင်မြင်ယူဆချက်ကို ထုတ်ဖော်ပြောဆိုနိုင်တဲ့၊ အကြောက်တရားကင်းကင်းနဲ့ ငြိမ်းချမ်းစွာ နေနိုင်တဲ့ လူမှုအသိုင်းအ၀ိုင်းတရပ် ပေါ်ပေါက်လာဖို့အတွက်ကတော့ အလှမ်းဝေးနေသေးတယ်ဆိုတဲ့ သင်္ကေတပြယုဒ်တစ်ခုပါပဲ။

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွကို ကျွန်မဆီကကြားချင်ကြမယ် ဆိုတာသိပါတယ်။ အခုပြောသွားတဲ့ ဥပမာတချို့ဟာလည်း အဲ့ဒီပြည်နယ်က ဥပမာတွေပါ။ ဒီကိစ္စကို အသေးစိပ်နောက် ပြောပြပါ့မယ်။ လောလောဆယ်တော့ ကျွန်မရဲ့ဒီခရီးစဉ်စခဲ့သည့် အင်မတန်မှ စိုးရိမ် စရာဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း အခြေအနေတွေကို ပြောချင်ပါတယ်။ ဒီဒေသမှာ နေကြတဲ့သူတွေရဲ့ ဒုက္ခကို မသိကြတာများပါတယ်။ ၂၀၁၅ ခု ရွေးကောက်ပွဲရလဒ်ကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ မျှော်လင့်ချက်ရောင်ခြည်တွေ မှေးမှိန်စပြုနေပြီး ဒေသခံပြည်သူတွေ ဒုက္ခခံစားနေကြရတာဟာ စိတ်မ ကောင်းစရာပါ။ ကျွန်မရဲ့လွန်ခဲ့တဲ့ ခရီးစဉ် (၃)ခေါက်စလုံးမှာ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို သွားရောက်ခွင့် တောက်လျှောက်တောင်းခံခဲ့တယ်ဆိုတာ အားလုံးသိကြမှာပါ။ အချိန်အကန့်အသတ် ကြောင့် ဒီတခေါက် ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကိုသာသွားဖို့ ကျွန်မဆုံးဖြတ်ခဲ့တာပါ။

ကျွန်မ လိုင်ဇာနဲ့ ဖားကန့်ကိုသွားဖို့ အပြင်းအထန်ကြိုးစားခဲ့ပါတယ်။ အရင်ကလဲ လိုင်ဇာကိုသွားဖို့ တောင်းဆိုခဲ့ပေမဲ့ ခွင့်မပြုခဲ့ပါဘူး။ ဒီတာဝန်ကို ကျွန်မထက် အရင်ထမ်းဆောင်ခဲ့တဲ့ သူရဲ့နောက်ဆုံးခရီးစဉ် တုန်းက လိုင်ဇာဒေသကို ရောက်ခဲ့ပါတယ်။ မကြာသေးမီက ကုလသမဂ္ဂအကြီးတန်းအရာရှိတစ်ဦးလဲ သွားခဲ့ပါတယ်။ ကျွန်မကျတော့မှ လုံခြုံရေးအခြေအနေအရဆိုပြီး ငြင်းခံရတာ ငါးကြိမ်ရှိပါပြီ။ ဖားကန့်ကိုလဲ သွားဖို့ ကြိုးစားပါတယ်။ ဒါဟာ အစိုးရထိန်းချုပ်မှု လက်အောက်ခံနယ်မြေပါ။ ဒါပေမဲ့ လိုင်ဇာကိုသွားဖို့တုန်းကလိုပဲ။ သွားခွင့်ပြု/မပြုဆိုတာကို နောက်ဆုံးမှအကြောင်းပြန်ပါတယ်။ သွားခွင့်မပြုရတဲ့ ပြည်နယ်အစိုးရရဲ့ အကြောင်းပြချက်နဲ့ ပြည်ထောင်စုအစိုးရရဲ့ အကြောင်းပြချက်ကလဲ ကွဲလွဲနေပါတယ်။ ဒါထက်ဆိုးတာက အဲ့ဒီနေ့ညနေမှာပဲ ကျွန်မနဲ့တွေ့ဖို့ ဖားကန့်ကနေ မြစ်ကြီးနားကို (၅)နာရီကျော် (၆)နာရီခရီးနှင်လာတဲ့လူနဲ့ တွေ့လိုက်ရပြီး သူတို့တွေရဲ့ စိုးရိမ်မှု၊ ကြောက်ရွံ့မှုတွေကို မျှဝေသွားကြပါတယ်။ အစိုးရရဲ့ အကြောင်းပြ ချက်ကတော့ ကျွန်မဟာ အစိုးရရဲ့ အထူးဧည့်သည်တော်တစ်ယောက် ဖြစ်နေတဲ့အတွက် ပြစ်မှတ် တစ်ခုဖြစ်မှာစိုးလို့ ကျွန်မရဲ့လုံခြုံရေးအတွက် ခွင့်မပြုတာပါလို့ ပြောပါတယ်။

ကချင်ပြည်နယ်နဲ့ မြောက်ပိုင်းနယ်စပ်ဒေသအခြေအနေတွေ ယိုယွင်းနေတယ်ဆိုတာတော့ ထင်ရှားပါတယ်။ ကချင်ပြည်နယ်က လူတွေပြောတာကတော့ လွန်ခဲ့တဲ့နှစ်များထက်စာရင် အခြေအနေ ပိုဆိုးပါတယ်၊ ပိုပြီး ယိုယွင်းလာပါတယ်တဲ့။ ထိခိုက်နစ်နာမှုအများဆုံးရှိတဲ့နေရာတွေကို ကျွန်မ မသွားနိုင်ခဲ့ပါဘူး။ လူပေါင်း (၃)သိန်းကျော်နေထိုင်တဲ့ မြစ်ကြီးနားလို ပြည်နယ်မြို့တော်မှာတောင် ဒေသခံတွေဟာ ကြောက်ရွံ့နေကြ ပြီး မှောင်ရင်အပြင်မထွက်ပဲ နေနေကြပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့နေရာမှာဆို အခြေအနေဟာ ဒီထက်ပိုဆိုးတယ်လို့ ကျွန်မကြားခဲ့ပါတယ်။ ဇယ်အောင် စစ်ရှောင်စခန်းတ၀ိုက်မှာ ကျည်ဆံတွေကျတာကြောင့် အဲ့ဒီမှာနေတဲ့ မိသားတစုဟာ တောထဲကို ထွက်ပြေးပြီး ညဘက်ကျင်းတူးပြီး (၆)ရက်လောက်နေခဲ့ကြရပါတယ်။ အဲ့ဒီ မိသားစုမှာ ကလေး (၄)ယောက် ရှိပြီး အငယ်ဆုံးကလသားနဲ့ နို့ညှာက (၂)နှစ်သားပဲရှိပါသေးတယ်။ ကျွန်မ အဲ့ဒီကပြန်လာပြီးတဲ့ နောက်ပိုင်းမှာတောင် ဒီဇယ်အောင်စခန်းက လူတွေထွက်ပြေးရတာ (၃)ကြိမ်ရှိပြီလို့ သိရပါတယ်။ ဒီလူတွေဟာ ဘာမှ အမှားလုပ်ထားကြတဲ့ လူတွေမဟုတ်ပါဘူး။ သူများတိုက်ကြ ခိုက်ကြတဲ့နေရာမှာ နေမိလို့ အခုလိုဒုက္ခ ရောက်ကြရတာပါ။ ဒီကိစ္စကို ပြည်နယ်အစိုးရ(ပြည်နယ်အစိုးရဆိုတာ တပ်မတော် ဘက်ကကိုပြောတာပါ)နဲ့ ဆွေးနွေးတဲ့အခါ လုံးဝ ဥဿုံငြင်းပါတယ်။ အဲဒိ စစ်ရှောင်စခန်းဆိုတာ မရှိဘူး လို့ပြောပါတယ်။ အရင်က ကွတ်ခိုင်မှာ စစ်ရှောင်စခန်းမရှိဘူးလို့ ငြင်းခဲ့သလိုပါပဲ။

မြန်မာနိုင်ငံကိုလာတိုင်း လာတိုင်း အကျဉ်းထောင်တွေကိုသွားရောက် လေ့လာလေ့ရှိသလို ဒီတခေါက်မှာလဲ ကျွန်မကို လိုင်ဇာနဲ့ ဖားကန့်သွားခွင့်မပြုခဲ့တဲ့အတွက် မွန်ပြည်နယ်၊ ဇင်းကျိုက်မှာရှိတဲ့ အလုပ်ကြမ်းစခန်း (တရားဝင်အခေါ်အဝေါ်ကတော့ ကုန်ထုတ်စခန်းပါ)ကို ရန်ကုန်ကနေ နေ့ချင်း ပြန်သွားခွင့် တောင်းခဲ့ပါတယ်။ ကျွန်မထုံးစံအတိုင်း အကျဉ်းစခန်းတွေရောက်ရင် အဲ့ဒီမှာ အကျဉ်းကျနေတဲ့ သူတွေနဲ့ တွေ့ဆုံမေးမြန်းရုံသာမက ပတ်ဝန်းကျင်အခြေအနေကိုပါ လေ့လာနိုင်အောင် အနီးတ၀ိုက်ကိုထွက်ပြီး လေ့လာခဲ့ပါတယ်။

အဲ့ဒီအလုပ်ကြမ်းစခန်းမှာ ကျွန်မနဲ့စကားပြောလို့နောက် ဘာဖြစ်ဦးမယ်မသိဘူးလို့ဆိုပြီး ကြောက်ရွံ့ နေတဲ့ လူတွေလဲရှိပါတယ်။ အထူးဧည့်သည်တော်လာမှာမို့ဆိုပြီး လုပ်နေကြအလုပ်ကြမ်းကနားပြီး သူတို့ နေတဲ့ အိပ်တဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ဖို့ (၃)ရက်အနားရတယ်လို့ တချို့ကပြောပြပါတယ်။ ကျွန်မ ရောက်ခဲ့တဲ့ တချို့အကျဉ်းထောင်တွေထက်စာရင် အနေအထိုင် အသုံးအဆောင် အခြေအနေ မဆိုးဘူးလို့ ပြောလို့ရပေမဲ့၊ အထူးအပြစ်ပေးတဲ့အနေနဲ့ ကျောက်တူးနေတဲ့ နေရာမှာတောင် ခြေချင်းခတ် ပြီး အလုပ်လုပ်ခိုင်းတာကိုတော့ ကျွန်မအထူးစိုးရိမ်မိပါတယ်။ နောက်ပြီး အကျဉ်းထောင်တွေကနေ ဒီလို အလုပ်ကြမ်းစခန်းကို ပို့တဲ့နေရာမှာ ဘယ်လိုအကျဉ်းသားမျိုးကို ရွေးချယ်တယ်ဆိုတာ ပွင့်လင်းမြင်သာမှုမရှိ ပဲ၊ ပို့ခံရတဲ့အကျဉ်းသားတွေကိုလဲ ဘာကြောင့်ပို့တယ်ဆိုတာကို အသိမပေးတာ ပူပန်စရာကိစ္စတစ်ရပ်ပါ။ ဒီလို အလုပ်ကြမ်းစခန်းတွေမှာ အကျဉ်းသားတွေအနေနဲ့ လွတ်လွတ်လပ်လပ်တိုင်ကြားခွင့်မရှိတဲ့စနစ် မရှိတာကိုလည်း ကျွန်မစိုးရိမ်ပါတယ်။ ဒါပေမဲ့ ဒါက မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ အကျဉ်းစခန်းတိုင်းမှာ ဖြစ်နေတဲ့ကိစ္စမို့ တကယ်တော့ စိတ်မကောင်းစရာပါ။

အဲဒီအလုပ်ကြမ်းစခန်းအပြင် ရန်ကုန်မှာရှိတဲ့ အင်းစိန်အကျဉ်းထောင်၊ ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်တွေ အကျဉ်းထောင်နဲ့ ဘူးသီးထောင်အကျဉ်းထောင်တွေကိုလဲ ကျွန်မရောက်ခဲ့ပါတယ်။ ဒီအကျဉ်းထောင် တွေထဲမှာ အဆင့်မြင့်အစိုးရအရာရှိတွေနဲ့ တပ်မတော်အရာရှိတွေကို ဝေဖန်လို့၊ လူ့အခွင့်အရေး ပြဿနာ တွေကို ဖော်ထုတ်လို့၊ အစိုးရကိုပြန်ပြီး တရားစွဲလို့နဲ့၊ အစိုးရသိအောင် ကြားအောင် ငြိမ်းချမ်းစွာ စုပေါင်း လှည့်လည်ဆန္ဒပြတဲ့နေရာမှာ ဥပဒေပြဋ္ဌာန်းချက်များနဲ့မညီလို့ဆိုပြီး အကျဉ်းချထားခံရ သူတွေ ထိန်းသိမ်း ခံထားရသူတွေနဲ့ ကျွန်မတွေ့ခဲ့ပါတယ်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အရ အသရေဖျက်မှုနဲ့ တရားစွဲခံ ထားရတဲ့သူပေါင်း (၄၀)ကျော်ရှိတယ်လို့ ကျွန်မကို အစီရင်ခံထားပါတယ်။ များသော အားဖြင့် သူတို့တွေ ဟာ သူတို့စိတ်ထဲရှိတာကို ထုတ်ဖော်ပြောတဲ့သူတွေပါ။ တချို့အစည်းအဝေးမှာ ရှေ့နေ တွေနဲ့ တွေ့တဲ့အခါ ဒီလိုထိလွယ်ခိုက်လွယ်ရှိတဲ့အမှုမျိုး လိုက်မိလို့ အနှောင့်အယှက်ပေးခံရတာမျိုး တရားစွဲဆိုခံရတာမျိုးတောင် ရှိတယ်လို့သိရပါတယ်။ စစ်တွေမှာတုန်းက ချင်းလူမျိုးစုတစုနေထိုင်တဲ့နေရာကို ရောက်ခဲ့ပါတယ်။ သူတို့ကနေ ရေစီးရေလာ မြောင်းကိစ္စနဲ့ ဒေသအာဏာပိုင်ကို တိုင်တန်းတဲ့ အတွက် မျက်နှာချင်းဆိုင် မှာနေတဲ့ လူစုကချင်းမိသားစု (၁၁)စုရဲ့ နေအိမ်အ၀င်ဝလမ်းကို အတားအဆီးနဲ့ ပိတ်ခဲ့ တယ်လို့သိရပါ တယ်။ သက်ဆိုင်ရာကို ဘယ်လိုပဲတိုင်တိုင် (၉)လလုံးလုံး ဒီချင်းမိသားစု (၁၁)စုတွေနေတဲ့ လမ်းကို ပိတ်ထားခဲ့ကြပါတယ်။

ရခိုင်ပြည်မှာ ပြီးခဲ့တဲ့အောက်တိုဘာလနဲ့ နိုဝင်ဘာလအလယ်လောက်က လုံခြုံရေးတပ်ဖွဲ့တွေကို လက်နက်နဲ့ ၀င်ရောက်တိုက်ခိုက်တဲ့နေရာမှာ ပါဝင်ခဲ့လို့၊ ဒါမှမဟုတ် ကူညီခဲ့လို့ဆိုပြီး စွပ်စွဲထိန်းသိမ်းထားတဲ့ သူတွေနဲ့တွေ့ဖို့ ကျွန်မတောင်းဆိုခဲ့ပါတယ်။ သံသယရှိတဲ့သူတစ်ယောက်ရဲ့ မိသားစုကတော့ ရှေ့နေငှားခွင့် ရှိတာကိုသိလို့ ရှေ့နေငှားထားပေမဲ့ ကျန်ထိန်းသိမ်းခံထားရတဲ့သူတွေကို ဥပဒေကြောင်းအရ ကိုယ်စားပြု ပေးမဲ့သူ တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ အောက်တိုဘာလ (၉)ရက်နေ့က နယ်ခြားစောင့်ရဲစခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့သူတွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ သံသယရှိလို့ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆို တာကလွဲလို့၊ သူတို့ကို ဘာစွဲချက်တွေတင်ထားတယ်ဆိုတာ သူတို့သိပုံမရပါဘူး။ တချို့တွေဆိုရင် ဖမ်းဆီး ထိန်းသိမ်းခံရတဲ့အချိန်ကစပြီး မိသားစုနဲ့ အဆက်အသွယ်မရကြတာ (၂)လ (၃)လလောက်ရှိပါပြီ။ ဖမ်းဆီး ခံထားရသူတွေရဲ့ မိသားစုတွေကိုလည်း ဖမ်းဆီးထားတယ်၊ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကို အသိမ ပေးတဲ့အတွက် မိသားစုတွေ ပူပင်သောကရောက်နေကြတယ်ဆိုတာကိုလည်း ကျွန်မ သတိပြုမိခဲ့ပါတယ်။ ထိန်းသိမ်းခံထားရတဲ့တယောက်ကတော့ သူ့မိသားစုက သူ့ကိုသေပြီလို့ တထစ်ချယုံကြည်နေကြ မှာလို့ ပြောပါတယ်။ မောင်တောက ရွာတစ်ရွာရောက်တော့ အမျိုးသမီးတစ်ဦးက `သူ့ယောက်ျားကို ခေါ်သွား ကြတယ် ဘယ်တော့မှပြန်လာမှာမဟုတ်ဘူး´လို့ ကျွန်မကိုပြောပါတယ်။ အကျဉ်းဌာနအရာရှိတွေ ပြောပြ ချက်အရဆိုရင် ဒီတိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မှာ ဖမ်းဆီးထိန်းသိမ်းထားသူပေါင်း (၄၅၀)ကျော် ရှိတယ်လို့ သိရပါတယ်။ ဒါဆို မိသားစုပေါင်းများစွာဟာ ဒီလိုဖမ်းဆီးထိန်းသိမ်းခံထားရတာကို မသိပဲ၊ ဘယ်တော့မှ ပြန်တွေ့ကြရမှာမဟုတ်ဘူးဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ နေကြရတော့မှာပါ။

ဒီအောက်တိုဘာလ (၉)ရက်နေ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကျွန်မကို အစိုးရဘက်က ထပ်ခါ တလဲလဲ ပြောခဲ့တာကတော့ ဒါဟာလူမျိုးစုတစ်စုနဲ့ တစ်စုအကြား အကြမ်းဖက်တဲ့ ပြဿနာမဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ကြိုတင်တွက်ချက်ထိပါး တိုက်ခိုက်တဲ့ကိစ္စပါ။ ဒါကြောင့်မို့ အစိုးရက လုပ်ပိုင်ခွင့်ထဲကနေ လုံခြုံရေးအရ တန်ပြန်အရေးယူဆောင်ရွက်ခဲ့တာပါ လို့ဆိုပါတယ်။ ဘယ်နည်းဘယ်ပုံ တိုက်ခိုက်ခဲ့ တယ်ဆိုတာကိုလည်း အစိုးရဘက်က သေသေချာချာ ရှင်းပြခဲ့ပြီး တိုက်ခိုက်ခံရတဲ့ နယ်ခြားစောင့်ရဲစခန်း (၃)ခုစလုံးကို ကျွန်မမြင်တွေ့ခဲ့ရပါတယ်။ ဒီလိုရက်စက်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုမျိုးကို ကျွန်မ ရှုတ်ချပါ တယ်။ အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ မိသားစုတွေကိုလဲ ကျွန်မကိုယ်ချင်းစာပြီး စိတ်မကောင်းကြောင်း ပြောကြားပါရစေ။

ဒီလိုတိုက်ခိုက်မှုမျိုးကို အာဏာပိုင်တွေအနေနဲ့ ပြန်လည်တုန့်ပြန်ဖို့ လိုပါတယ်။ ဒါပေမဲ့ ဒီလိုတုန့်ပြန် တဲ့နေရာမှာ တရားဥပဒေစိုးမိုးမှုဘောင်အတွင်းက ဖြစ်သင့်ပြီး၊ လူ့အခွင့်အရေးကို အပြည့်အ၀ လိုက်နာဖို့ တော့လိုပါတယ်။ ၀ါးပိတ်မှာ အဆောက်အဦးတွေ မီးလောင်ပျက်စီးနေတာကို ကျွန်မမျက်စေ့နဲ့ မြင်ခဲ့ရပါတယ်။ ဒါဟာ ကြုံကြိုက်သွားတဲ့ အရေးပေါ်ဖြစ်ရပ်တစ်ခုလို့ ယုံကြည်ဖို့ခက်ပါတယ်။ အစိုးရအရာရှိ တွေကတော့ ရွာသားတွေကိုယ်တိုင် သူတို့အိမ်သူတို့ မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ပြောပါတယ်။ ဒီလိုသူတို့အိမ် သူတို့ မီးရှို့ပျက်စီးရတဲ့အကြောင်းကလဲ သူတို့အိမ်လေးတွေဟာ သေးငယ်ဟောင်းနွမ်းနေတဲ့အတွက် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀န်းကသူတွေလာပြီး ဒီထက်ကောင်းတဲ့ အိမ်တွေပြန်ဆောက်ပေးမှာလို့ ယုံကြည်တဲ့အတွက် ဖြစ်တယ်လို့ပြောပါတယ်။ အာဏာပိုင်တွေအနေနဲ့ အဲ့လိုတကယ်တမ်း သက်သေပြ စရာမရှိပါဘူး။ ကျွန်မကိုယ်တိုင်လည်း ယုံကြည်ဖို့ခက်တဲ့ အကြောင်းပြချက်တစ်ခုပါ။

ရိုဟင်ဂျာတွေအပေါ်မှာ စနစ်တကျခွဲခြားဆက်ဆံတဲ့ မူဝါဒတွေချမှတ်သုံးစွဲနေပြီး ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို အတိုင်းအတာတစ်ခုအထိသာ ခံစားခွင့်ပေးနေတာတွေ၊ အပြည်ပြည်ဆိုင် ရာ အသိုင်းအ၀ိုင်းကပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ အခြားဝန်ဆောင်မှုတွေကို ပိတ်ပင်ထားတာတွေကို သိနေတဲ့သူတွေအနေနဲ့၊ အာဏာပိုင်တွေက အခုလိုအိမ်ကြီးအိမ်ကောင်းတွေ လာဆောက်ပေးတာကို ခွင့်ပြု လိမ့်မယ်လို့ ရုတ်တရက်ကြီး ဘယ်လိုမှထင်နိုင်စရာအကြောင်း မရှိပါဘူး။ အာဏာပိုင်တွေဘက်က ပြောလာတဲ့ နောက်အကြောင်းပြချက်တစ်ခုကလဲ၊ ရိုဟင်ဂျာရွာသူ/ရွာသားတွေအနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အပေါ်မှာ အထင်မှားအမြင်မှားဖြစ်အောင်  တဖက်လှဲ့ဝါဒဖြန့်တာလို့ပြောပါတယ်။ ကျွန်မအနေနဲ့ ဒါကိုလည်း ယုံကြည်ဖို့ခက်ပါတယ်။ အကြံကုန်နေတဲ့ ဘယ်လိုလူမျိုးကများ အစိုးရကို နံမည်ဖျက်ဖို့အတွက် သက်သက် ကိုယ်နှစ်ပေါင်း များစွာနေလာတဲ့ အိမ်ကို မီးရှို့ဖျက်ဆီးပြီး၊ စစ်တွေမှာလိုနေစရာ ထိုင်စရာမရှိပဲ၊ အခြေမဲ့အနေမဲ့ဘ၀ ငါးနှစ်လောက်အရောက်ခံမှာလဲဆိုတာ ကျွန်မစဉ်းစားလို့မရပါဘူး။

ဒီလိုဖျက်ဆီးမှုမျိုးတွေဟာ၊ နှစ်ပေါင်း ၁၀ စုနှစ်များစွာ ရိုဟင်ဂျာလူမျိုးတွေအပေါ် စနစ်တကျခွဲခြား ဆက်ဆံတဲ့ လုပ်ငန်းတွေကနေဆက်စပ်ဖြစ်ပေါ်လာတာလို့ ကျွန်မထပ်လောင်း သတိပေးချင်ပါတယ်။ အခက်အခဲကြုံလာတဲ့အခါ လူတွေဟာ လုပ်မိလုပ်ရာလုပ်တတ်ကြပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ အခုအခြေ အနေမှာ ဘယ်လိုမှနည်းလမ်းမကျပါဘူး။ သို့သော် ထိခိုက်နစ်နာကြသူတွေအနေနဲ့ အစိုးရသစ်ကတော့ဖြင့် သူတို့ရဲ့ အခြေအနေတွေ၊ နစ်နာမှုတွေကို ဖြေရှင်းပေးလိမ့်မယ်လို့ ထင်သည့်အတွက် ဖြေရှင်းမှုသာရှိခဲ့လျှင် ဒီလိုအစွန်းရောက်မှုတွေက သူတို့ရဲ့အရေးကိစ္စတွေကို တဖက်စွန်းဆီသို့ ရောက်အောင်ပို့ဆောင်ပေးနိုင် မှာမဟုတ်ဘူး လို့ ကျွန်မယုံကြည်ပါတယ်။

လုံခြုံရေးစီမံချက်တွေအပေါ် အခြေခံပြီး၊ လူ့အခွင့်အရေးဖောက်ဖျက်မှုတွေ ရှိနေတယ်လို့ သတင်း စထွက် လာတဲ့အချိန်မှာ အစိုးရက ချက်ခြင်းငြင်းချက်ထုတ် တုန့်ပြန်ခဲ့ပါတယ်။ အိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့ကိစ္စကို သိပ္ပံနည်းကျကျသုံးသပ်တင်ပြခဲ့တာတွေကိုလည်း လက်မခံခဲ့ပါဘူး။ အခြေအနေ တချို့ကို ပုံကြီးချဲ့တာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ သတင်းဌာနတစ်ခုကဆို ကျွန်မရခိုင်ပြည်မှာ သွားလာမှုတွေ ပိတ်ပစ်ခံရတယ် လို့အနည်းဆုံး သတင်းဌာန တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ အပြည့်အ၀မမှန်ပါဘူး။ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိနေတယ်လို့ တစိုက်မတ်မတ် စွပ်စွဲတဲ့သတင်းတွေကို အစိုးရအနေနဲ့ တောက်လျှောက်ငြင်းဆိုလာတဲ့ အခါမှာတော့၊ အစိုးရအပေါ်ယုံကြည်ဖို့ခက်တယ်ဆိုတာ ဖြစ်လာကြပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တချို့ လုံခြုံရေးစီမံချက်လုပ်ဆောင်စဉ် ဖမ်းမိတဲ့အမျိုးသားတွေနဲ့ ကလေးတွေကို ရိုက်နှက်နေတဲ့ ဗွီဒီယိုတက်လာတဲ့ အခါမှာတော့ ဒီသံသယကို ပိုပြီးခိုင်မာစေပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ဒီဗွီဒီယို ထဲမှာပါတဲ့ ရဲဝန်ထမ်း တွေကို ချက်ချင်းဖမ်းဆီးအရေးယူခဲ့ပေမဲ့လည်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အရပ်သားပြည်သူတွေကို ဒီလိုဆက်ဆံတာဟာ ဒီတကြိမ်တစ်ခါသာမဟုတ်ဘဲ လုပ်လေ့လုပ်ထရှိတဲ့ အစဉ်အလာတစ်ရပ် ဖြစ်နိုင်တယ် ဆိုတာကို မီးမောင်းထိုးပြလိုက်ပါတယ်။

ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအ၀ိုင်းနှစ်စုအကြား ယုံကြည်မှုတည်ဆောက်ဖို့လိုတယ်၊ ဆယ်စုနှစ်ပေါင်းများစွာ ကလိုပဲ  အတူတကွယှဉ်တွဲနေထိုင်တတ်ဖို့ လိုတယ်ဆိုတာကို ထပ်ခါတလဲလဲ ပြောခဲ့ကြပါတယ်။ ဒီလိုယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ နောက်ထပ်တိုးမြှင့်ရမဲ့ ဆက်ဆံရေးတမျိုးကတော့ အစိုးရနဲ့ ပြည်သူအကြား၊ အထူးသဖြင့် ဒီနေရာမှ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပြည်သူအကြားဆက်ဆံရေးပဲဖြစ်တယ်လို့ ကျွန်မယုံကြည်ပါ တယ်။ ပြဿနာဖြစ်တဲ့နေရာဒေသမှာနေတဲ့ လူအများစုရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို အလေးမထားပဲ စစ်ဆင်ရေးတွေလုပ်လိုက်တာကြောင့် အစိုးရသစ်အပေါ်သတိထားရင်း အားထားလာတဲ့ မူဆလင်အသိုင်း အ၀ိုင်းရဲ့ ယုံကြည်ကိုးစားမှုကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဒီလိုလုပ်ရပ်က အားလျော့သွားစေပါတယ်။ ဒါကြောင့် မို့လဲ ယာယီမှတ်ပုံတင်ကဒ်ပြားသက်တမ်းမကုန်ဆုံးမှီ နိုင်ငံသားဖြစ်မှုစီစစ်ရေးလုပ်ငန်းအတွက် မှတ်ပုံတင် ကဒ်ပြားသစ်တွေ ပြန်ထုတ်ပေးဖို့နဲ့ နိုင်ငံသားဖြစ်မှုစိစစ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ အစိုးရရဲ့ ကြေညာ ချက်ကို ရိုဟင်ဂျာအသိုင်းအ၀ိုင်းက မကြိုဆိုတာဟာ သိပ်တော့မဆန်းပါဘူး။ စစ်ဆင်ရေးတွေ လုပ်နေတဲ့ အချိန်မှာပဲ ဒီလိုကြေညာချက်ထုတ်ပြန်တဲ့ တိုက်ဆိုင်မှုတစ်ရပ်ကိုက ရတက်မအေးစရာဖြစ်နေပါ တယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနဲ့အညီ နိုင်ငံသားဖြစ်မှုစိစစ်ရေးလုပ်ငန်းတွေကို အရင်ကလုပ်ခဲ့ တုန်းက မကျေလည်သေးတဲ့ အခြေခံအကြောင်းတရားတွေနဲ့ ပတ်သက်ပြီးလည်း တိုးတက်မှု ဘာမှမရှိသေး တာကို တွေ့ရပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ အချိန်နဲ့တပြေးညီ လိုအပ်တဲ့သတင်းအချက်အလက် တွေပေးပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုနေသေးတယ်ဆိုတာ ထင်ရှားပါတယ်။ နောက်ဆုံး တစ်ကြိမ်လုပ်ခဲ့တဲ့ နိုင်ငံသားဖြစ်မှုစိစစ်ရေးလုပ်ငန်းစဉ်နဲ့အညီ နိုင်ငံသားအဖြစ်အသိအမှတ်ပြု ခံနေရတဲ့ လူတွေကိုယ်တိုင် ဒီကနေ့အထိ နိုင်ငံသားအခွင့်အရေးအပြည့်အ၀ မခံစားရသေးတာဟာ တကယ့် အခြေခံ ပြဿနာတစ်ရပ်ပါ။ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရပြီးတဲ့ နောက်မှကန့်သတ်မှုတွေနဲ့ ရင်ဆိုင် နေကြရ တဲ့ မြေပုံမြို့ကအခြေအနေဟာ အခုဖြစ်ရပ်ရဲ့ ဥပမာကောင်းတစ်ခုပါ။

ဒီနေရာမှာ အချက်အလက်နဲ့ သက်သေခံအထောက်အထားတွေက အင်မတန်မှ အရေးပါပါတယ်။ လိုအပ်ချက်တွေကို ပြန်လည်စိစစ်သုံးသပ်တုန့်ပြန်ဖို့ဆိုတဲ့ နေရာမှာ ဖြစ်နိုင်ခြေရှိတဲ့ အဖြေတစ်ရပ်ထွက်ဖို့ အတတ်ပညာရှင်တွေလိုပါလိမ့်မယ်။ အစိုးရခန့်အပ်ထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကနေပြီး လယ်ယာ လုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းလုပ်ဖို့ အခြေအနေကောင်းတွေရှိနေတာကြောင့် ဒီဒေသမှာဖြင့် အာဟာရချို့တဲ့ ပြဿနာမရှိဘူးဆိုပြီး ကြေညာသလိုမျိုး ယေဘူယျခြုံငုံသုံးသပ်လို့မရပါဘူး။ ဒီကဏ္ဍမှာ ကျွမ်းကျင်တဲ့ပညာ ရှင်တွေက စီစစ်ရှာဖွေထားတဲ့ အချက်အလက်တွေရှိခဲ့ရင်၊ အစိုးရအနေနဲ့ ဒီအချက်အလက်တွေကို ယူငင် ကိုးကားသင့်ပါတယ်။

ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်နေကြရသူတွေကို တတ်ကျွမ်းတဲ့ နည်းပညာနဲ့ အကူအညီ အထောက်အပံ့ပေးဖို့ လူသားချင်းစာနာမှု အကူအညီလုပ်ငန်းလုပ်နေသူတွေတာဝန်ရှိကြပေမယ့် အစိုးရက ဒီအထောက်အပံ့တွေကို လက်တလော ပိတ်ပင်ထားပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာဆိုရင် လူသားချင်းစာနာကူညီထောက်ပံ့ အခြေအနေဟာ ကျွန်မနောက်ဆုံးတစ်ခေါက်လာခဲ့တဲ့အချိန်က ထပ်တောင်ပိုဆိုး နေပါသေးတယ်။ ဒုက္ခသင့်နေသည့်နေရာတွေ ရောက်ဖို့ အခွင့်အရေးနည်းသည်ထက် နည်းလာပြီး ထောက်ပံ့ ခွင့်ရပြန်ရင်လည်း တလထက်တစ်လ တိုးလာတဲ့ ဗျူရိုကရေစီယန္တရားအတားအဆီးတွေနဲ့ ရင်ဆိုင် နေကြ ရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာတော့ ထိုနေရာတွေသွားရောက်နိုင်ဖို့လွယ်ကူလာတာကို တွေ့နေရပေမဲ့လည်း နိုင်ငံသားဝန်ထမ်းတွေသာ သွားလာရခွင့်ရပြီး နိုင်င်ခြားသားဝန်ထမ်းမှာ ထိုပိတ်ပင်မှုများကြောင့် မိမိတာဝန်ကို ထမ်းဆောင်၍ မရပါ။

ဒီပြဿနာတွေအားလုံးနဲ့ ပတ်သက်ပြီး အစိုးရရဲ့တုန့်ပြန်မှုကတော့ ကာကွယ်ပြောတာရယ်၊ လက်မခံတာရယ်နဲ့၊ ငြင်းဆန်တာရယ်ပဲရှိပါတယ်။ ဒီလိုတုန့်ပြန်မှုမျိုးဟာ တန်ပြန်ဆိုးကျိုးပေးရုံသာမက၊ နိုင်ငံတ၀ှမ်းမှာ ယှက်သန်းနေတဲ့ မျှော်လင့်ချက်ရောင်ခြည်တွေကိုလည်း မှေးမှိန်စေပါတယ်။ ဒါပေမဲ့ ဒီလမ်းကြောင်းကို ပြောင်းပြန်လှန်ပြစ်ဖို့ နောက်မကျသေးဘူးလို့ ကျွန်မယုံကြည်ပါတယ်။ ကျွန်မရဲ့ ဒီခရီးစဉ်တလျှောက်မှာ အင်မတန်မှ ခက်ခဲတဲ့ အခြေအနေတွေကြားက အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်နေကြတဲ့ လူတွေကို တွေ့ခဲ့ပါတယ်။ လူမှုအသိုင်းအ၀ိုင်းတွေကြား မနားမနေရင်ကြားစေ့ပေးနေတဲ့ အဖွဲ့တွေကိုလည်း တွေ့ရပါတယ်။ အကောင်းဆုံးမဖြစ် သေးတဲ့ အစိုးရယန္တယားရဲ့ အတားအဆီးတွေကြားက သူတို့ရဲ့အခန်းကဏ္ဍကို ပီပြင်အောင်၊ ကျေပြွန် အောင်ထမ်းဆောင်နေကြတဲ့ ပြည်သူ့ ၀န်ထမ်းသစ်တွေကိုတွေ့ရလို့လည်း အားတက်မိပါတယ်။ ၀န်ကြီးဌာနတချို့နဲ့ ဒေသခံဝန်ထမ်းတွေအနေနဲ့ သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို လိုလိုချင်ချင် ဆွေးနွေးရုံသာမက အကြံသစ်ဥာဏ်သစ်တွေကိုလည်း လက်ခံဖို့ အဆင်သင့်ရှိကြတာကို တွေ့ရပါတယ်။ ပွင့်ပွင့်လင်းလင်းရှိပြီး အခြေအနေနဲ့လိုက်လျောညီထွေပြုပြင်ပြောင်းလဲတတ်တဲ့ စိတ်ဓါတ်လေးတွေကို ပြုစုပျိုးထောင်ပေးပြီး တစထက်တစပြန့်ပွားအောင် ဆောင်ရွက်ပေးစေချင်ပါသည်။

ပြီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲကြီးရဲ့ ရလဒ်ကြောင့် တစ်နိုင်ငံလုံး ပျော်ရွှင်တက်ကြွကြည်နူးနေတာမှ တစ်နှစ်ပဲရှိပါသေးတယ်။ ဒီတစ်ခေါက်သာမန် နိုင်ငံသူ နိုင်ငံသားတွေနဲ့ ကျွန်မစကားပြောကြည့်တဲ့အခါ သူတို့ရဲ့မျှော်လင့်ချက်တွေ အကောင်းမြင်ဝါဒတွေ တဖြေးဖြေးမှေးမိန်လာတာကို ကြားရတော့ ရင်နာမဆုံး ဖြစ်မိပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအ၀င်၊ ဌာနတာဝန်ခံတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ သူတို့တတွေဟာ နိုင်ငံသူနိုင်ငံသားတွေရဲ့ဘ၀ တိုးတက်အောင် မှန်မှန်ကန်ကန်၊ ယုံကြည်ချက်အပြည့် အ၀နဲ့ ကြိုးပမ်းဆောင်ရွက်နေကြတယ်ဆိုတာကို သိခဲ့ရပါတယ်။ သို့သော် ဒီစိတ်စေတနာ အရင်းခံအကျိုးဆက်တွေ ပြည်သူတွေအပေါ် လက်တွေ့မသက်ရောက်သေးခြင်းမရှိပါ။ နိုင်ငံတော်အစိုးရအနေနဲ့ လူမှုအသိုင်းအ၀ိုင်း အားလုံးကို အချင်းချင်းပွင့်ပွင့်လင်းလင်းနဲ့ အပြန်အလှန်နားလည်ဖို့၊ လေးစားဖို့နဲ့ ကိုယ်ကျိုးစီးပွားအတွက် တဖက်ကို ခုတုံးလုပ်အပြစ်ပုံမချဖို့ မေတ္တာရပ်ခံပေးပါလို့ ကျွန်မတိုက်တွန်းချင်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့လဲ တရားဥပဒေစိုးမိုးရေးဘောင်အတွင်းမှ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာပြီး လုံခြုံရေး စီမံချက်တွေဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ တချို့သော အစွန်းရောက်နေသူများက ဥပဒေကို ကိုယ်ထင် သလို အဓိပ္ပာယ်ဖော်ပြီး လက်လွတ်စပါယ်တရား စီရင်နေကြတဲ့ လက်တလောဖြစ်ပေါ်ခဲ့တဲ့ အပြစ်ပေး နည်းမျိုးကို အစိုးရအနေနဲ့ တိုက်ဖျက်ပေးဖို့ အလွန်အရေးကြီးပါတယ်။ တရားစီရင်တဲ့နေရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိမှသာ ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးဆိုတာကို သာမန်ပြည်သူတွေ ယုံကြည်လက်ခံ လာမှာပါ။

ဒီမိုကရေစီစနစ်ကို အောင်အောင်မြင်မြင် အသွင်ကူးပြောင်းဖို့အတွက် မြန်မာနိုင်ငံကို အားပေးကူညီဖို့ အဆင်သင့်ဖြစ်နေတဲ့ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်း၊ အထူးသဖြင့် ကုလသမဂ္ဂရဲ့ လက်ကမ်းမှုတို့ တပ်မတော်အပါအ၀င် အစိုးရက ပွင့်ပွင့်လင်းလင်းကြိုဆိုလက်ခံပေးပါလို့ ကျွန်မပြောချင်ပါတယ်။ တချိန် တည်းမှာပဲ ကျွန်မကို မြန်မာနိုင်ငံသို့လာရောက်ဖို့ ဖိတ်ခေါ်ပြီး ကျွန်မကိုပေးထားတဲ့ တာဝန်တွေကို ကျေပြွန်စွာ ထမ်းဆောင်နိုင်ဖို့ ပူးပေါင်းကူညီခဲ့တဲ့ မြန်မာနိုင်ငံအစိုးရကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါရ စေ။ ကျွန်မနဲ့ ကျွန်မအဖွဲ့ရဲ့ လုံခြုံမှုကို တာဝန်ယူပေးတာကို အထူးမှတ်တမ်းတင်ပါတယ်။ ပြည်တွင်းမှာရှိတဲ့  ကုလသမဂ္ဂရုံးအဖွဲ့က ကူညီပံ့ပိုးပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ကျွန်မအရင်က တစိုက်မတ်မတ်ပြောခဲ့သလိုပါပဲ လွတ်လပ်ပြီး ဒီမိုကရေစီလမ်းပေါ်မှာ လျှောက်လှမ်းသွားမဲ့ မြန်မာနိုင်ငံကို အကူအညီပေးဖို့ ကျွန်မအမြဲအဆင်သင့်ရှိပါတယ်။

 

နောက်ဆက်တွဲ – တွေ့ဆုံဆွေးနွေးခဲ့သူများစာရင်း

ပြည်ထောင်စုအစိုးရတာဝန်ခံများ

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးနှင့် သမ္မတရုံးဝန်ကြီး
  • ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ
  • ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန
  • ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ
  • ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် လူဦးရေ၀န်ကြီးဌာန
  • ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ
  • ပြည်ထောင်စုရှေ့နေချုပ်
  • ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန
  • ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန
  • ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန
  • ပြည်ထောင်စုဝန်ကြီး။ ပြည်ထဲရေးဝန်ကြီးဌာန
  • သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမြဲတမ်းအတွင်းဝန်

လွှတ်တော်

  • အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ဥပဒေရေးရာကော်မတီ
  • အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အခြေခံ အခွင့်အရေးများ၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးကော်မတီ
  • အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေးကော်မတီ
  • ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ စီစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ

တခြားသောအဖွဲ့အစည်းများ

  • မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်
  • မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ
  • အမျိုးသားငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးဌာနမှ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်များ
  • ပြည်ထောင်စု မောင်တောအရေးစုံစမ်းစစ်ဆေးရေးကော်မရှင်


 

ကချင်ပြည်နယ်

  • ကချင်ပြည်နယ် ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ
  • ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသော အရပ်ဖက်အဖွဲ့အစည်းများ၊ ကျောက်စိမ်း နှင့် တူးဖော်ရေးလုပ်ငန်းအဖွဲ့၊ စစ်ရှောင်ဒုက္ခသည်များအား လူမှုရေးအကူအညီပေးနေသော အဖွဲ့ များ
  • ဂျမိုင်ဂေါင် ကာသိုလစ် စစ်ရှောင်ဒုက္ခသည်စခန်း
  • မိုင်းန ကချင် ဘက်တ်တစ်ဘုရားရှိခိုးကျောင်း စစ်ရှောင်ဒုက္ခသည်စခန်း
  • မိုင်းန ရိုမင်ကာသိုလစ်စစ်ရှောင်ဒုက္ခသည်စခန်း

ရခိုင်ပြည်နယ်

  • ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ
  • စစ်တွေ၊ အောင်မင်္ဂလာရပ်ကွက် မွတ်ဆလင်အသိုင်းအ၀ိုင်း
  • ရွှေဗဟိုဘုန်းကြီးကျောင်းရှိ မျိုစစ်ရှောင်ဒုက္ခသည်စခန်း
  • ကိုးတန်ကောက်နယ်ခြားစောင့် ရဲတပ်စခန်း၊ ရသေ့တောင်
  • ရသေ့တောင်၊ ချိန်းကာလီရှိ ရခိုင်နှင့် မွတ်ဆလင်ရွာများနှင့် မွတ်ဆလင်စစ်ရှောင်ဒုက္ခသည်စခန်း
  • ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်
  • ငါးခူရနယ်ခြားစောင့်ရဲစခန်းနှင့် အနီးအနားရှိရွာများ၊ မောင်တော
  • ကျီးကန်းပြင် (အနောက်)၊ ၀ါးပိတ်၊ ဆင်သေပြင် (လောင်းဒုံ)နှင့် ငါးခူရ (ပြောင်းပြစ်)ကျေးရွာများ၊ မောင်တော
  • စစ်တွေရှိ ချင်းလူမျိုးစုအသိုင်းအ၀ိုင်း
  • ရခိုင်ကိစ္စညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ်စားလှယ်များ
  • လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ
  • ရွှေစေတီဆရာတော်

မွန်ပြည်နယ်

  • ဇင်းကျိုက် ကုန်ထုတ်စခန်းတွင် အကျဉ်းကျထိန်းသိမ်းထားခံရသူများ

အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်များ

  • ရှေ့နေများ
  • မြေယာအသုံးစုရေးပြဿနာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြဿနာ၊ အမျိုးသမီးများ အခွင့်အရေးနှင့် ကျား/မပြဿနာ၊ လူငယ်ပြဿနာ၊ အလုပ်သမားပြဿနာ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်ကိစ္စ ဆောင်ရွက်နေသူများ
  • အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကိစ္စဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ
  • မတူကွဲပြားခြားနားမှုနှင့် အမျိုးသားညီညွတ်ရေးဌာန

တခြားအဖွဲ့အစည်းများ

  • ပြည်တွင်းကုလသမဂ္ဂအဖွဲ့စည်းများ
  • သံတမန်ကိုယ်စားလှယ်များ
  • ရခိုင်ရေးရာပတ်သက်မှုရှိသော သံတမန်အကြီးအကဲများ
  • အာစီယံနိုင်ငံသံရုံး အကြီးအကဲများ

အင်းစိန်အကျဉ်းထောင်

  • လှဘုန်း
  • ထင်ကျော်
  • မျိုးရန်နောင်သိန်း

စစ်တွေအကျဉ်းထောင်

  • ခိုင်မျိုးထွန်း
  • တရားမ၀င်သင်းဖွဲ့ဥပဒေပုဒ်မ ၁၇(၁)အရ ထိန်းသိမ်းခံနေရသူများ

ဘူးသီးတောင်အကျဉ်းထောင်

  • လုံခြုံရေးတပ်ဖွဲ့ဝင်သူများအား တိုက်ခိုက်မှုဖြင့် ထိန်းသိမ်းထားသူများ