ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာရေးညှိနှိုင်းရေးမှူး Mr. Knut Ostby ကိုယ်စား ယူနက်စကိုမြန်မာရုံး အကြီးအကဲ Ms. Min Jeong Kim က ဖတ်ကြားသည့် Holocaust ဖြစ်ရပ်တွေ့ကြုံခံစားခဲ့ရသူများကို မမေ့မလျော့ မှတ်မိသိရှိစေရေး နိုင်ငံတကာနေ့ ၂၀၁၉ခုနှစ် မိန့်ခွန်း

ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာရေးညှိနှိုင်းရေးမှူး Mr. Knut Ostby ကိုယ်စား ယူနက်စကိုမြန်မာရုံး အကြီးအကဲ Ms. Min Jeong Kim က ဖတ်ကြားသည့်

Holocaust ဖြစ်ရပ်တွေ့ကြုံခံစားခဲ့ရသူများကို မမေ့မလျော့ မှတ်မိသိရှိစေရေး နိုင်ငံတကာနေ့ ၂၀၁၉ခုနှစ် မိန့်ခွန်း

ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမ၊ ၂၀၁၉ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်

 

အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဌ ဒေါက်တာမျိုးကြွယ်

ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဖိုးကောင်း

အစ္စရေးသံအမတ်ကြီး H.E. Mr. Ronen Gilor

ဂျာမနီသံအမတ်ကြီး H.E. Mrs. Dorothee Janerzke- Wenzel

ဒိန်းမတ်သံအမတ်ကြီး H.E. Mr. John Nielsen

သံတမန်များ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခများနှင့် ကျောင်းသားကျောင်းသူများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများ ခင်ဗျား

ဤအခန်းအနားကို လက်ခံကျင်းပပေးတဲ့အတွက် ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တက္ကသိုလ်ကို ကျေးဇူးတင်ရှိ ပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။

၂၀၀၅ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေညီလာခံက ကန့်ကွက်သူမရှိ အားလုံး သဘောတူညီချက်နဲ့ ဇန်န၀ါရီလ ၂၇ ရက်နေ့ကို Holocaust ဖြစ်ရပ် တွေ့ကြုံ ခံစားခဲ့ရသူများကို မမေ့မလျော့ မှတ်မိသိရှိစေရေး နိုင်ငံတကာနေ့အဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါတယ်။ ၁၉၄၅ခုနှစ် အဲဒီနေ့မှာ ဆိုဗီယက်စစ်သားတွေ အော့ရှ်ဝစ်-ဘာကင်နော် စုဆောင်းထိန်းသိမ်းရေးနှင့် သုတ်သင်ရေးစခန်း အတွင်း ၀င်ရောက်ခဲ့ပါတယ်။

ကုလသမဂ္ဂက ဒီဆုံးဖြတ်ချက်ကို ချမှတ်ရာမှာ ဂျူးလူမျိုးများကို လူမျိုးပြုတ်သတ်ဖြတ်ခြင်း (ဂျူးဘာသာဖြင့် ရှိုအာ) ရဲ့ သဘောသဘာဝနဲ့ အားလုံးနဲ့ သက်ဆိုင်လာနိုင်တဲ့ အတိုင်းအတာကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ ဒီသမိုင်းဖြစ်စဉ်ကို မေ့လျော့မသွားကြစေဖို့ လက်ဆင့်ကမ်း အသိပေးပြီး Holocaust (ဟော်လိုကော့စ်) ခေါ် လူမျိုးသန့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တွေ့ကြုံ ခံစားခဲ့ရသူများကို မမေ့မလျော့ မှတ်မိသိရှိစေရေး လုပ်ဆောင်ခြင်း သည် နိုင်ငံအားလုံး ငြိမ်းချမ်းရေးကို အလေးအနက် ကတိက၀တ်ပြု ဖော်ဆောင်ကြဖို့ ဆော်သြလိုက်ခြင်း ဖြစ်ပါတယ်။

သမိုင်းမှာ Holocaust ဖြစ်ရပ် မဖြစ်ခဲ့ပါဘူးလို့ လုံးဝဖြစ်စေ တစ်စိတ်တစ်ဒေသဖြစ်စေ ငြင်းကွယ်ခြင်းအားလုံးကို လက်မခံ ပယ်ချခြင်းအားဖြင့် ကုလသမဂ္ဂဟာ ဘာသာရေး သည်းမခံမှု၊ တိုင်းရင်းသား ဇစ်မြစ် သို့မဟုတ် ဘာသာရေး ယုံကြည်မှုအပေါ် အခြေခံပြီး လူပုဂ္ဂိုလ် သို့မဟုတ် ရပ်ရွာအသိုက်အ၀န်းများကို သွေးထိုးမှု၊ နှောင့်ယှက်မှု သို့မဟုတ် အကြမ်းဖက်မှုတွေကို ဘယ်အချိန်မှာ ဖြစ်ပွားသည် ဖြစ်စေ “အကြွင်းမဲ့” ပြင်းထန်စွာ ရှုံ့ချပြစ်တင်ပါတယ်။

ဂျူးဘာသာဖြင့် ရှိုအာ လို့ခေါ်တဲ့ ဂျူးလူမျိုးများကို လူမျိုးပြုတ်သတ်ဖြတ်ခြင်းကို အကြောင်းပြုပြီး လူသားမျိုးနွယ်နဲ့ ပတ်သက်လို့ အဆုံးမရှိ စဉ်းစားဆင်ခြင်ဖွယ်ရာတွေ ပေါ်ပေါက်လာပြီး အဆိုးဆုံး ဖြစ်နိုင်ခြေကို သတိမူရမှာ ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မမေ့မလျော့ မှတ်မိသိရှိနေခြင်းသည် အနာဂတ်အတွက်လည်း ဖြစ်ရပါမယ်။ အော့ရှ်ဝစ် သုတ်သင်ရေး စခန်းကို အပို့ခံခဲ့ရပြီး အသက်မသေကျန်ရစ်သူ၊ သမ္မတများရဲ့ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ လူအခွင့်အရေး တက်ကြွလှုပ်ရှားသူနဲ့ ယူနက်စကို ဂုဏ်ထူးဆောင် သံအမတ်နှင့် ဟော်လိုကော့စ် ပညာပေးရေး အထူးသံတမန်အဖြစ် ဆောင်ရွက်ခဲ့ပြီး မကြာသေးမီက ကွယ်လွန်သွားတဲ့ ဆင်မြူရယ် ပီဆာ ပြောခဲ့သလို “ကျွန်တော်တို့ တွေ့ကြုံခံစားခဲ့ရတာတွေ၊ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာ အသက်ဝိညာဉ်နဲ့ ရင်းပြီး ရခဲ့တဲ့ သင်ခန်းစာတွေကို ကမ္ဘာသူကမ္ဘာသားတွေသိအောင် မျှဝေဖို့ ကျွန်တော်တို့မှာ ကြီးလေးတဲ့ တာဝန် ရှိပါတယ်။ ဂျူးလူမျိုးဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ သားသမီးတွေကို တစ်ခါက ကျွန်တော်တို့ ကမ္ဘာပျက်ခဲ့ရသလို မီးအသီးသီးနဲ့ လောင်မြှိုက်နေတဲ့ သူတို့ခေတ် ကမ္ဘာကြီးမှာ ထပ်မံပြန့်ပွားလာနေတဲ့ အစွန်းရောက် တစ်ယူသန်ဝါဒနဲ့ အကြမ်းဖက်မှုကြောင့် ကမ္ဘာပျက်နိုင်တယ်ဆိုတာ သတိပေးရပါမယ်။

ဒီသဘောနဲ့ ကုလသမဂ္ဂဟာ လူမျိုးပြုတ် သတ်ဖြတ်မှု နောက်ထပ်တဖန် မဖြစ်စေရေး တားဆီးဖို့ အနာဂတ်ရဲ့ မျိုးဆက်သစ်တွေ ဒီအဖြစ်ဆိုးကြီးအကြောင်း သိရှိနားလည်စေဖို့ ပညာပေးအစီအစဉ်တွေ ပြုစုရေး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကို အားပေးမယ့် ကျယ်ပြန့်တဲ့ လုပ်ငန်းတစ်ရပ်ကို တာဝန်ယူဆောင်ရွက်လျက် ရှိပါတယ်။ နောင်အခါ လူမျိုးပြုတ်သတ်ဖြတ်မှုတွေ မဖြစ်စေရေး တားဆီးရာမှာ အထောက်အကူဖြစ်ရန် အလို့ငှာ “ဟော်လိုကော့စ်နဲ့ ကုလသမဂ္ဂ” ဆိုင်ရာ လက်လှမ်းမီရောက်ရှိရေး အစီအစဉ်တစ်ရပ်ကို တည်ထောင်ဖို့နဲ့ ဟော်လိုကော့စ် မမေ့မလျော့စေရေးနှင့် ပညာပေးရေး အတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းများကို နှိုးဆော်ရေး အစီအမံတွေ ဆောင်ရွက်ဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကို မေတ္တာရပ်ခံခဲ့ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ ဒီ လက်လှမ်းမီရောက်ရှိရေးအစီအစဉ် တစ်စိတ် တစ်ဒေသအဖြစ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို ဟော်လိုကော့စ် တွေ့ကြုံခံစားခဲ့ရသူများနဲ့ သူတို့ရဲ့ လက်ဆင့်ကမ်း အမွေကို မမေ့မပျောက် ရှိစေရေး၊ လူမျိုးစွဲဝါဒနဲ့ တစ်ယူသန် အစွန်းရောက် အယူဝါဒများရဲ့ အန္တရာယ်ကို ကမ္ဘာတစ်ဝန်းက လူငယ်တွေ သိရှိအောင် နှိုးဆော်ရေး ယူနက်စကိုက ပံ့ပိုးမှုပေးပါတယ်။ ပညာရေး ၂၀၃၀ ခုနှစ် လုပ်ငန်းစဉ်မှာ ဦးစားပေးတစ်ရပ် သတ်မှတ်ထားတဲ့ ကမ္ဘာသူကမ္ဘာသား ပညာပေးရေး ယူနက်စကိုရဲ့ လုပ်ငန်း တစ်စိတ်တစ်ဒေသအနေနဲ့ ဟော်လိုကော့စ်နဲ့ လူမျိုးပြုတ်သတ်ဖြတ်မှုအကြောင်း ပညာပေးရေးကို ယူနက်စကိုက ပံ့ပိုးမှုပေးပါတယ်။ ပညာပေးခြင်း တစ်ခုတည်းနဲ့ ပြဿနာအားလုံး ပြေလည်သွားမှာတော့ မဟုတ်ပါဘူး။ ပညာရေးမှာ လေ့လာသင်ယူသူအားလုံး တာဝန်သိတဲ့ တက်ကြွတဲ့ ကမ္ဘာသူကမ္ဘာသားတွေ ဖြစ်လာဖို့၊ လူသားဂုဏ်သိက္ခာကို တန်ဖိုးထားပြီး အားလုံးကို လေးစားတတ်ဖို့၊ ဂျူးဆန့်ကျင်ရေးဝါဒ၊ လူမျိုးစွဲ ၀ါဒနဲ့ အကြမ်းဖက်မှု လူမျိုးပြုတ်သတ်ဖြတ်မှုတွေ ဖြစ်လာစေနိုင်တဲ့ အခြား အယူအစွဲ ပုံစံများကို လက်မခံ ဆန့်ကျင်ကြဖို့ သင်ကြားပေးရမှာ ဖြစ်ပါတယ်။

ဟော်လိုကော့စ် တွေ့ကြုံခံစားခဲ့ရသူများရဲ့ လက်ဆင့်ကမ်းအမွေကို ယူနက်စကိုရဲ့ ကမ္ဘာ့အထိမ်းအမှတ် မှတ်တမ်းမှာ ထည့်သွင်း ထိန်းသိမ်းထားပါတယ်။ အသက်ဆုံးရှုံးခဲ့ကြရတဲ့ ဂျူးခြောက်သန်းနဲ့ သန်းပေါင်း များစွာသော အခြားသူများရဲ့ ပြောပြချက်များ ပါဝင်ပါတယ်။ ဂျာမန်နာဇီများရဲ့ အော့ရှ်ဝစ် ဘာကင်နော် စုဆောင်းထိန်းသိမ်းရေးနှင့် သုတ်သင်ရေးစခန်းကိုလည်း ယူနက်စကိုကမ္ဘာ့အမွေအနှစ် စာရင်းမှာ ထည့်သွင်း မှတ်တမ်းတင်ထားပါတယ်။

ဟော်လိုကော့စ် အဖြစ်ဆိုးကြီးကို မမေ့မပျောက် သိရှိနေဖို့၊ သင်ခန်းစာတွေ ယူဖို့ လိုပါတယ်။ ဟော်လိုကော့စ် အတွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ကြည့်မယ်ဆိုရင် လူသားမျိုးနွယ်အပေါ် ရက်စက်ခဲ့ကြတာတွေသည် လူသား အားလုံးရဲ့ စုပေါင်း သမိုင်းမှာ ထင်ကျန်နေခဲ့ပါပြီ။ လူသားမျိုးနွယ်အပေါ် ထပ်မံကျူးလွန်မှုတွေ မဖြစ်ရအောင် အဲဒီထင်ကျန်နေတာကို မမေ့ပျောက်ဖို့နဲ့ သင်ခန်းစာယူဖို့ လိုပါတယ်။

ဟော်လိုကော့စ် ဖြစ်စဉ်သည် လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ကျော်က အခြားကုန်းမြေတိုက်ကြီးတစ်ခုမှာ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် သမိုင်းထဲက ကြောက်မက်ဖွယ်ဖြစ်ရပ်ဆိုးတွေ ဘယ်အရပ်ဒေသမှာ ဖြစ်ခဲ့သည်ဆိုစေ မြန်မာနိုင်ငံမှာ လည်းဘဲ လေ့လာသင်ယူနိုင်ရန်လိုပါတယ်။ ဟော်လိုကော့စ်ဟာ နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်ပါဘူး။ တကယ်တော့ ဆယ်စုနှစ်များစွာ ၀ါဒဖြန့်ခြင်း၊ အမုန်းစကား၊ သည်းမခံမှုတွေ စုပေါင်းလာပြီးမှ ဖြစ်လာတာပါ။ ပညာရေးသည် ငြိမ်းချမ်းရေးနှင့် ကမ္ဘာသူကမ္ဘာသားအားလုံး ဂုဏ်သိက္ခာရှိရေး အခြေခံအုတ်မြစ် ဖြစ်သလို အစွန်းရောက်ဝါဒနဲ့ သည်းမခံမှုကို တားဆီးဖို့လည်း ရည်ရွယ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပညာရေး ဆိုတိုင်း ပြီးတာမဟုတ်ဘဲ ငြိမ်းချမ်းရေး၊ ဝေဖန်ပိုင်းခြားစဉ်းစားခြင်း၊ သည်းခံခြင်း၊ မတူကွဲပြားမှုကို တန်ဖိုးထား တတ်ခြင်း၊ အကြမ်းမဖက်သော ပဋိပက္ခဖြေရှင်းခြင်းတို့ကို ဦးတည်တဲ့ ပညာရေးဖြစ်စေဖို့ အထူးအရေးကြီးတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စာသင်ခန်းအတွင်း သင်ခန်းစာများမှာ လူ့အခွင့်အရေးအကြောင်း အသိပညာ၊ အကြမ်းမဖက်ဘဲ ပဋိပက္ခကို အသွင်ပြောင်းလဲရေး ကျွမ်းကျင်မှုများ၊ မတူကွဲပြားမှုကို တန်ဖိုးထားတတ်ခြင်းများကို ပေါင်းစည်း ထည့်သွင်း သင်ကြားပေးခြင်းဖြင့် စာသင်ခန်းတွင်းမှာ ငြိမ်းချမ်းရေးနှင့် အကြမ်းမဖက်ရေး ပညာရေးကို မြှင့်တင်ပေးဖို့ ဆရာဆရာမများနှင့် ဆရာဖြစ်သင် သင်ကြားရေးအပိုင်းမှ ပညာရေးဝန်ထမ်းများကို ယူနက်စကိုက ပံ့ပိုးမှုပေးလျက်ရှိပါတယ်။ ယူနက်စကိုသည် ပညာရေးဝန်ကြီးဌာနနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းလျက် ဆရာဖြစ်သင် ပညာရေးမှာ ရေရှည်တည်တံ့နိုင်မည့် ငြိမ်းချမ်းရေးအတွက် လိုအပ်သော ကျွမ်းကျင်မှုများကို ပေါင်းစည်းထည့်သွင်းပေးလျက် ရှိပါတယ်။ အစုလိုက်အပြုံလိုက် အကြမ်းဖက်မှု ဖြစ်စဉ်ကို မမေ့လျော့ဘဲ လူသားအားလုံးဟာ ကျွန်တော်တို့နှင့် တူညီသည်ဖြစ်စေ ကွဲပြားသည် ဖြစ်စေ လူသားတွေဖြစ်တယ်ဆိုတာ အစဉ် အောက်မေ့သတိရတတ်တဲ့ ပိုမို ငြိမ်းချမ်းပြီး ကြွယ်ဝချမ်းသာတဲ့ အနာဂတ်ဆီသို့ ကျောင်းသူကျောင်းသားများကို လမ်းပြပို့ဆောင်နိုင်သူ လက်ရှိမျိုးဆက်နဲ့ မျိုးဆက်သစ် ဆရာဆရာမများ အဖြစ် လေ့ကျင့်သင်ကြား မွေးထုတ်ပေးဖို့ ရည်ရွယ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံက ပညာရှိစကားကို ယခင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် ကုလသမဂ္ဂမှာ မိန့်ကြားခဲ့တာ ကျွန်မပြန်လည်ရည်ညွှန်းလိုပါတယ်။ “နောင်မျိုးဆက်များက ယနေ့ အာဏာပိုင်များရဲ့ ဆောင်ရွက်ချက် လုပ်ရပ်တွေကို အကဲဖြတ်ရာမှာ လူသားငြိမ်းချမ်းရေးနှင့် တိုးတက်မှု ဖြစ်စဉ်အပေါ် သက်ရောက်မှု ရှိခဲ့ပုံနဲ့ အကဲဖြတ်မှာ ဖြစ်ပါတယ်။ လူ့သမိုင်းမှာ ဂုဏ်ပြုခံနေရာကို လိုချင်ရင် ငြိမ်းချမ်းရေးဘက်တော်သား အမျိုးသားအမျိုးသမီးများ ဖြစ်ရပါမယ်။ စစ်ပွဲမှာ အောင်နိုင်သူဖြစ်ရုံမျှနဲ့ မရပါဘူး” လို့ မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။